တက္ကသိုလ်ပညာရေးနှင့်ကျောင်းသူ/သားများ လွတ်လပ်စွာရွေးချယ်ခွင့်

Cer Khengmual

ကျောင်းသူ/သားများ ပညာသင်ယူရာတွင် မိမိကြိုက်နှစ်သက်သည့်တက္ကသိုလ်များ လွတ်လပ်စွာ ရွေးချယ်ခွင့်ရခြင်းဟာ အရေးကြီးလှပါသည်။ မြန်မာနိုင်ငံပညာရေးစနစ် (education system)ကို လေ့လာကြည့်သည့်အခါ မိမိကြိုက်နှစ်သက်သည့်ဘာသာရပ်များ လွတ်လပ်စွာရွေးချယ်ခွင့်ရသည်ဟု ပြောနိုင်သော်လည်းပဲ လက်တွေ့အခြေအနေမှာ မြောက်များစွာသောအခက်အခဲ၊ အတားအဆီးများ ရှိနေတတ်သည့်အတွက် မိမိတို့လိုချင်၊ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတတ်သည့်အခြေအနေ ရှိတတ်ပါသည်။ အချို့သောကျောင်းသူ/သားများဟာ မိမိတို့တက်ရမည့်တက္ကသိုလ်၊ သင်ကြားရမည့် ဘာသာရပ်များကို လုပ်ပိုင်ခွင့်အာဏာရှိသူများ (ပညာရေးဝန်ကြီးဌာန) က သတ်မှတ်ပေးပြီးသား ပုံစံဖြစ်နေသည့် အတွက် သူတို့ ဖွံ့ဖြိုးတိုးတက်ရမည့်လမ်းကို ပိတ်ပင်အဟန့်အတားဖြစ်နေသည့်အပြင် သူတို့မကြိုက် မနှစ်သက်သည့် ဘာသာရပ်များသင်ယူနေကြခြင်းကြောင့် အရည်အချင်းမရရှိတော့ဘဲ အလဟဿအချိန်ကုန်သွားခြင်းမျိုး တွေ့ရပါသည်။

ဖွံ့ဖြိုးတိုးတက်ရမည့် နည်းလမ်းမြောက်များစွာ ရှိသည့်အထဲမှာ တက္ကသိုလ်ပညာသင်ယူခြင်းလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကျွန်မတို့တက္ကသိုလ်ပညာသင်ယူတဲ့အခါ ကျောင်းစာသင်ယူနေရသည့် အပြင် အခြားဗဟုသုတမြောက်များစွာကို လေ့လာသင်ယူရသည့် နေရာဖြစ်သည့်အတွက် တက္ကသိုလ် ကျောင်းတော်ကြီးက အသိပညာ၊ အတတ်ပညာများ အမွေပေးလျက်ရှိသည့်နေရာဖြစ်ပါသည်။ လူငယ်များ မိမိရည်မှန်းချက် အကောင်အထည်ဖော်နေရသည့်နေရာသည် တက္ကသိုလ်ဖြစ်သည့် အတွက် လွတ်လပ်စွာရွေးချယ်ခွင့်ရရန် လိုအပ်ပါသည်။ ကနေ့အချိန်ထိ မိမိမနှစ်သက်သည့် တက္ကသိုလ်၌ မနှစ်သက်သည့်ဘာသာရပ်များ သင်ယူနေကြတဲ့ ကျောင်းသူ/သားများ ရှိနေဆဲ ဖြစ်ပါသည်။ အဘယ်ကြောင့် ယခုလိုအဖြစ်မျိုးနဲ့ကြုံရပါသနည်း။ ကျောင်းသူ/သားများက လွတ်လပ်စွာ မိမိနှစ်သက်သည့်ဘာသာရပ်များရွေးချယ်ခွင့်ရသည်ဟုပြောနိုင်သော်လည်း လက်တွေ့ အခြေအနေမှာ လုပ်ပိုင်ခွင့်အာဏာရှိသူများက သတ်မှတ်ပေးပြီးသားဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ပုံဉပမာတစ်ခုအနေနဲ့ တက္ကသိုလ်တစ်ခုတွင် ရွေးချယ်နိုင်သည့်ဘာသာရပ် (၁၂) မျိုးရှိလျှင် ကျောင်းသားတစ်ဦးအနေဖြင့် ၎င်းအထဲမှာမှ သူကြိုက်နှစ်သက်သည့်ဘာသာရပ်ကို ရွေးချယ်နိုင်သည်။ သို့သော်လည်းပဲ ၎င်းအ​ခြေအနေကို ပြန်ကြည့်သည့်အခါ ရွေးချယ်လျှောက်ထားခွင့်ရရုံသက်သက်ပဲ ဖြစ်ပြီး တက်ရောက်သင်ယူခွင့်ကိုတော့ မရရှိသေးပါ။ လျှောက်ထားသည့် ကျောင်းသူ/သားများ အထဲမှာမှ လုပ်ပိုင်ခွင့်အာဏာရှိသူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်နဲ့အတူပြန်လည်စိစစ်ပြီး ရွေးချယ်နေရကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်သည် လွန်စွာအရေးပါသည့် အခြေအနေသို့ ရောက်ရှိလာပါသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အမှတ် များများရရှိသောကျောင်းသူ/သားအတွက် အခွင့်အလမ်းပိုရရှိပြီး အမှတ်နည်းသော ကျောင်းသူ/သား များအတွက်တော့ မိမိကြိုက်နှစ်သက်သည့် တက္ကသိုလ်၊ ဘာသာရပ်များ ရွေးချယ်ခွင့်မရှိတော့ပေ။ ကျောင်းသူ/သားတစ်ဦး၏ ပင်ကိုယ်အရည်အချင်းမကြည့်ဘဲ သူရရှိသည့်အမှတ်တစ်ခုတည်းကိုသာ ကြည့်ပြီး ဘာသာရပ်များရွေးချယ်ခွင့် ရရှိသည့်အတွက် ကျောင်းသူ/သားတစ်ဦးက သူတက်ရောက်လို သည့်ဘာသာရပ်များနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူများက ရွေးချယ်ပေးသည့်ဘာသာရပ်အကြား လွဲချော်မှားယွင်းနေတတ်ပါသည်။ ထိုအခြေအနေက ကျောင်းသူ/သားများ ပညာသင်ယူရာ၌ လွတ်လပ်စွာရွေးချယ်ခွင့် ရရှိမှု မရှိကြောင်း ဖော်ပြနေပါသည်။

ထို့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရက ဒေသ၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် နီးစပ်ရာ တက္ကသိုလ်၊ သင့်လျော်သည့်တက္ကသိုလ်များ၌ ကျောင်းသူ/သားများ တက်ရောက်သင်ယူစေသည့် အခြေအနေ ရှိပါသည်။ ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော ကျောင်းသူ/သားဖြစ်လျှင် ကလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်သို့ တက်စေခြင်း၊ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ် ဖြစ်လျှင် ဟားခါးကော်လိပ်သို့ တက်စေခြင်း စသဖြင့် သတ်မှတ်မှုများ ရှိနေပါသည်။ ဤကဲ့သို့ သတ်မှတ်ပေးခြင်းအားဖြင့် လွတ်လပ်စွာ တက္ကသိုလ်၊ ဘာသာရပ်များရွေးချယ်ခွင့် ရရှိနိုင်မှု ဆုံးရှုံးရုံသာမက ကျောင်းသူ/သားများ ဖွံ့ဖြိုးတိုးတက်မည့်အခြေအနေမှာလည်း အဟန့်အတားဖြစ်စေ နိုင်ပါသည်။ ဉပမာ။ ဖလမ်းမြို့နယ်နှင့်ထန်တလန်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်လာသော ကျောင်းသူ/သားက ဟားခါးကောလိပ်တစ်ခုတည်း၌သာ တက်ရောက်ခွင့်ရသည် ဆိုကြပါစို့။ အခြားသောတက္ကသိုလ်များတွင် သင်ယူလေ့လာနိုင်သည့် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ သင်တန်း မျိုးစုံများ တက်ရောက်သင်ယူလိုသည့်အခါ လိုအပ်ချက်မြောက်များစွာ ရှိသည့်အတွက် ကျောင်းသူ/သားများဖွံ့ဖြိုးတိုးတက်နှုန်း နှေးကွေးနေရသည့်အပြင် ဆုံးရှုံးမှုများထွက်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းများတည်ရှိမှုအခြေအနေ မကြည့်လို့မဖြစ်တော့ပါ။ သင်ယူသည့် ဘာသာရပ်များတူညီသော်လည်းပဲ သင်ယူသည့်နေရာ မတူသည့်အတွက် တတ်မြောက်မှုလည်း မတူညီတတ်ကြောင်းတွေ့နိုင်ပါသည်။

ကျောင်းသူ/သားများ လွတ်လပ်စွာရွေးချယ်ခွင့်ပေးခြင်းဟာ တံခါးပေါက်များစွာဖွင့်ပေးနေသကဲ့သို့ ဖြစ်သည့်အတွက် လွန်စွာအရေးကြီးပါသည်။ ကျောင်းသူ/သားများ မိမိတက်ရောက်သင်ယူချင်သည့် တက္ကသိုလ်၊ ဘာသာရပ်များ ရွေးချယ်ရာ၌ သူတို့အရည်အချင်းပြည့်မီသည်ဆိုပါက အခြားသော အဟန့်အတား၊ သတ်မှတ်ချက်များ မရှိတော့ဘဲ လွတ်လပ်စွာ တက်ရောက်သင်ယူရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်ဘဲ နိုင်ငံတော်အစိုးရမှ နေရာသာမက ဘာသာရပ်ဆိုင်ရာများ သတ်မှတ်ပေးနေလျှင် ကျောင်းသူ/သားများ ဖွံ့ဖြိုးတိုးတက်ရန် အဟန့်အတားဖြစ်သည့်အပြင် ထူးချွန်ပြောင်မြောက်သည့် ကျောင်းသူ/သားများ ပေါ်ထွန်းလာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ပညာရေးနယ်ပယ်၌ ပိုပြီး ဖွံ့ဖြိုးတိုးတက်နိုင်ရန် ကျောင်းသူ/သားများ သတ်မှတ်ထားသည့် ဘောင်အတွင်းထားရှိခြင်းမျိုး မဟုတ်ဘဲ လွတ်လပ်စွာရွေးချယ်နိုင်ရန် တံခါးပေါက်များစွာဖွင့်ပေးရန် လိုအပ်ပါသည်။

Note: Written by Cer Khengmual, and translated by Van Kung Lian

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s