စိုက်ပျိုးရေးသိပံ(လုံပီး)တွင် သင်တန်းသူ၊ သင်တန်းသားများ တွေ့ကြုံရသည့် အခက်အခဲ၊ ပြဿနာများနှင့် စိန်ခေါ်မှုများ

Mary Kipmen

ဤသုတေသနက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ရှိသော စိုက်ပျိုးရေးသိပ္ပံ(လုံပီး)ကျောင်းသို့ တက် ရောက်နေကြသော ကျောင်းသူ/သားများ တွေ့ကြုံနေကြသည့် အခက်အခဲ၊ ပြဿနာနှင့်စိန်ခေါ်မှုများကို လေ့လာဆန်းစစ်ရန် ရည်ရွယ်ထားပါသည်။ သုတေသနအတွက် qualitative approach ကို အသုံးပြုပြီး ဆရာ/မများအပါအဝင် လူဦးရေ အယောက် ၂၀ ထံ လူတွေ့ဆုံမေးမြန်းခြင်း၊ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခြင်းတို့ဖြင့် ဆောင်ရွက်ထားပါသည်။ ဤသုတေသန ဆန်းစစ်လေ့လာချက်အရ အောက်ပါ အချက်များကို တွေ့ရှိထားပါသည် –

ပထမအချက်အနေဖြင့် စိုက်ပျိုးရေးသိပ္ပံ(လုံပီး)ကျောင်းသို့တက်ရောက်နေသာ ကျောင်းသူ/သားများက နေထိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး အခက်အခဲရှိကြောင်း တွေ့ရှိထားပါသည်။ ကျောင်းသူ/သားများနေထိုင် ရန် အဆောင် (hostel) များလုံလောက်မှုမရှိသည့်အပြင် အိပ်ဖို့ရန် ခုတင်လည်းပဲ လုံလောက်မှုမရှိသည့် အတွက် တစ်ယောက်အိပ်ခုတင် နှစ်ခုကိုဆက်ပြီး (၃) ယောက်အတူတူ အိပ်ကြကြောင်း တွေ့ရှိထား ပါသည်။ ထို့အပြင် ခုတင်တစ်ခုနှင့်တစ်ခု ထားရှိမှုက ကြပ်လွန်းသည့်အတွက် ပစ္စည်းထားရန် နေရာ မရှိသည့်အပြင် လူသွားဖို့ရန်၌လည်း အခက်အခဲရှိကြောင်း တွေ့ရှိထားပါသည်။ အခန်းတစ်ခုနှင့်တစ်ခု ခွဲခြားသတ်မှတ်ပေးခြင်းမျိုးမရှိခြင်းကြောင့် ကိုယ်ရေးကိုယ်တာကိစ္စအတွက်လုံခြုံမှုမရှိသည့်အပြင် စာကြည့်ရန်ပင်လျှင် အဆင်ပြေမှုမရှိကြောင်း တွေ့ရှိရပါသည်။

ဒုတိယချက်အနေဖြင့် အစားအသောက်ကိစ္စနှင့်ပတ်သက်ပြီး အခက်အခဲရှိကြောင်း တွေ့ရှိရပါသည်။ တစ်နေ့လျှင် နှစ်ကြိမ်သာ ထမင်းကျွေးသည့်အပြင် တစ်ပတ် ၃ ကြိမ်သာ အသားဟင်းများ ကျွေးထား ကြောင်းတွေ့ရှိရပါသည်။ တွေ့ဆုံမေးမြန်းသည့် ကျောင်းသူ/သားအများစုက နေ့တိုင်းလိုလို ကုလားပဲနှင့် ငါးပိဟင်းပဲ စားနေရတာကြောင့် မလွယ်ဘူး ဟု အစားအသောက်ကိစ္စနှင့်ပတ်သက်ပြီးကြုံတွေ့နေကြ သည့်အခက်အခဲများကို ငြီးတွားပြီးဖြေကြားနေကြပါသည်။ ထို့အပြင် ထမင်းစားခန်းက ကျဉ်းသည့် အပြင် စားပွဲ၊ ထိုင်ခုံလည်း လုံလောက်မှုမရှိသည့်အတွက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလှည့်ကျ ထမင်းစား နေရကြောင်း တွေ့ရှိရပါသည်။ ညနေထမင်းစားအပြီးမှာ ဒုတိယနှစ်နှင့်တတိယနှစ် ကျောင်းသူ/သား များ ကွင်းဆင်းချိန် ရှိသည့်အတွက် လျင်လျင်မြန်မြန်ထမင်းစားနေကြကြောင်း၊ ထမင်းစားချိန်ကလည်း စောလွန်းသည့်အတွက် ည စာကြည့်ချိန်၌ မကြာခဏဗိုက်ဆာနေခြင်းများ ကြုံတွေ့နေကြကြောင်း တွေ့ရှိရပါသည်။ ညနေထမင်းစားချိန်စောလွန်းသည့်အတွက် ညစာကြည့်ချိန်တွင် မကြာခဏဗိုက်ဆာ နေတတ်ကြောင်းတို့ကြောင့် လွတ်လွတ်လပ်လပ်နေထိုင် စားသောက်ချင်သည့်ကျောင်းသူ/သားများက အပြင်မှာနေရခြင်းဖြစ်ကြောင်း ကျောင်း သူ/သား တစ်ချို့က ဖြေကြားထားပါသည်။

စည်းကမ်းတင်းကြပ်လွန်းသည့်အတွက်လည်း အခက်အခဲရှိကြောင်း တွေ့ရှိရပါသည်။ ကျောင်းဝင်း အတွင်းသို့ ဆိုင်ကယ်ဝင်/ထွက်ခွင့်မပြုခြင်း၊ အပြင်တစ်ခါထွက်တိုင်း လက်မှတ်ထိုးနေရခြင်းနှင့် အမျိုးသမီးများ ညနေ ၅:၃၀ နာရီ နောက်ပိုင်း အပြင်ထွက်လို့မရခြင်းများကြောင့် အခက်အခဲများ ရှိနေကြောင်းတွေ့ရှိရပါသည်။ စာသင်ကြား/ယူသည့်အပိုင်းတွင်လည်း အခက်အခဲရှိကြောင်း တွေ့ရှိရပါသည်။ ဉပမာအနေဖြင့် ဆရာ/မများဘက်ကသာ ပြောဆိုရှင်းပြပြီး အပြန်အလှန်ဆွေးနွေးမှုမျိုး မရှိကြောင်းတွေ့နိုင်ပါသည်။ ထို့အပြင် ပုံနှိပ်စာအုပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး ဆရာ/မများက ဘာသာပြန်ပေးရုံသာ ရှင်းပြတတ်ကြကြောင်း၊ assignment ရေးသည့်အခါမှာလည်း ဆရာ/မများကပေးထားသည့် မှတ်စုအထဲမှ ကူးယူရေးသားရုံသာဖြစ်ကြောင်း တွေ့ရှိရပါသည်။ စာမေးပွဲ ဖြေဆိုသည့်အခါမှာလည်းပဲ အလွတ်ကျက်ပြီး ဖြေနေရခြင်းကြောင့် ကျောင်းသူ/သားများအတွက် စိန်ခေါ်မှုများရှိနေကြောင်း တွေ့ရှိရပါသည်။

လက်တွေ့စမ်းသပ်မှုနှင့်အတူ သင်ယူလျှင် တတ်မြောက်ရန်လွယ်ကူသော်လည်းပဲ လက်တွေ့စမ်းသပ်မှု နည်းနေကြောင်း တစ်ချို့သောကျောင်းသူ/သားများက ဖြေကြားထားပါသည်။ ဉပမာအနေဖြင့် ကိုင်းဆက်နည်းအကြောင်းကို စာဖြင့်သာသင်ယူရပြီး လက်တွေ့စမ်းသပ်မှုနှင့်အတူ သင်ကြားပေးခြင်း မရှိကြောင်း ဖြေကြားထားပါသည်။ ထို့အပြင် စာသင်ခန်းတစ်ခန်းတွင် လူဦးရေ (၇၅)ယောက် စာသင်ယူ နေရပြီး  စားပွဲ၊ ထိုင်ခုံများ လုံလောက်မှုမရှိသည့်အတွက် ထိုင်ခုံတစ်ခုံတွင် လူနှစ်ယောက်အတူ ထိုင်ရသည့် အခြေအနေများရှိနေခြင်းကြောင့် အခက်အခဲများရှိကြောင်းတွေ့ရှိရပါသည်။ အများအားဖြင့် သစ်ပင်စိုက်ပျိုးနည်းများကိုသာ သင်ကြားပေးသောကြောင့် ပန်းစိုက်ပျိုးနည်း စိတ်ဝင်စားသောသူများ အတွက် အခက်အခဲရှိကြောင်းတွေ့ရှိရပါသည်။ ထို့အပြင် ကျောင်း၌မျိုးစေ့လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။ လက်တွေ့ကွင်းဆင်းမှုပြုလုပ်ရန် ပစ္စည်းများလိုအပ်မှုရှိပြီး အများအားဖြင့် ပေါက်ပြား တစ်ခုသာအသုံးပြုနေရကြောင်း တွေ့ရှိပါသည်။ “လက်တွေ့၌မမြင်ဘူး၊ မတွေ့ဘူးသည့် အကြောင်းအရာ များကို ပုံနှိပ်စာအုပ်ထဲတွင် သင်ကြားနေရကြောင်း” ကျောင်းသူ/သား အများစုက ဖြေကြားထားပါသည်။

ထို့အပြင် ဘာသာစကားအခက်အခဲများလည်း ကြုံတွေ့နေကြကြောင်း တွေ့ရှိရပါသည်။ သင်ကြားသူ ဆရာ/မအများစုသည် ဗမာလူမျိုးများဖြစ်သည့်အတွက် ချင်းလူမျိုးကျောင်းသူ/သားများအနေဖြင့် ဘာသာစကားနားလည်မှု အားနည်းခြင်းကြောင့် သင်ကြားသည့်စာများ နားလည်သဘောပေါက်ရန် အခက်အခဲရှိကြောင်း တွေ့ရှိရပါသည်။ “အချို့အကြောင်းအရာများတွင် သုံးနှုန်းသည့် စကားလုံများကို နားလည်မှုမရှိသော်လည်း ပြန်လည်မေးမြန်းခြင်း မပြုရဲတော့ဘူး” ဟု ကျောင်းသားတစ်ယောက်က ဖြေကြားထားပါသည်။ နောက်ထပ်တွေ့ရှိချက်တစ်ခုမှာ ကျောင်းသူ/သားအများစုသည် မိမိဆန္ဒမပါဘဲ မိဘ၊ အသိမိတ်ဆွေများ၏ တွန်းအားပေးမှုကြောင့် တက်ရောက်နေကြသူများဖြစ်သည့်အတွက် မိမိသင်ကြားသည့်ဘာသာရပ်အပေါ် စိတ်ဝင်စားမှုလျော့နည်းနေမှုများဖြစ်ပေါ်ပြီး ၎င်းဟာ သင်ကြားသူ ဆရာ/မများအတွက် စိန်ခေါ်မှုတစ်ရပ်ပမာဖြစ်နေကြောင်း တွေ့ရှိရပါသည်။

အချုပ်အားဖြင့်ဆိုသော် စိုက်ပျိုးရေးသိပ္ပံ(လုံပီး)ကျောင်းသို့ တက်ရောက်နေကြသူများက နေထိုင်စား သောက်ရေး၊ စည်းကမ်း၊ သင်ကြားမှုပုံစံ၊ လက်တွေ့စမ်းသပ်မှု အားနည်းခြင်းနှင့်အသုံးအဆောင်ပစ္စည်း များလုံလောက်မှုမရှိခြင်း၊ မျိုးစေ့များမရရှိနိုင်ခြင်းနှင့်ဘာသာစကားအခက်အခဲကြုံတွေ့နေရကြောင်း တွေ့ရှိရပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s